အင်တောမြို့ တောင်းခမ်းကျေးရွာ၌ အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့အထိမ်းအမှတ် သစ်ပင် (၂၈၀၀)ပင် စိုက်ပျိုး

အင်တော  သြဂုတ်  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ တောင်းခမ်းကျေးရွာ၌ သစ်တောဦးစီးဌာနနှင့် ပွိုင့်-ရိုးရာမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အင်းစိမ်းကန်၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် က အဖွင့်အမှာစကား ပြောကြားပြီး အင်တောမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး က အမှာစကားပြောကြားသည်။ ယင်းနောက် တောင်သူ လယ်သမားများနှင့် မြေယာလုပ်သားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက သစ်ပင်စိုက်ပျိုးရခြင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ရေသင်းဝင် (၁၇၀၀) ပင်၊ ကျွန်း (၅၀၀) ပင်၊ ပိတောက် (၁၅၀) ပင်၊ မယ်ဇလီ (၂၀၀) ပင်၊ သရက် (၁၀၀) ပင်၊ ခါတော်မှီ (၁၀၀) ပင်၊ ထောပတ် ( ၅၀) ပင် စုစုပေါင်း (၂၈၀၀) ပင်တို့ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ အင်တော ကျောက်ဂူနယ်မြေရဲစခန်း စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပွိုင့်ရိုးရာမြှင့်တင်ရေးအဖွဲ့၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ပလောင်တိုင်းရင်းသား များနှင့် ကျေးရွာလူထုများက တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး လက်ဆေးရည်ဘူး၊  နှာခေါင်းစည်းနှင့် Face Shield များကိုလည်း အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

အောင်ခိုင်(အင်တော၊ ပြန်/ဆက်)