မလှိုင် ၊ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တရားရုံးမှ နိုင်ငံတဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲ ( National Case Management Program – NCMP )ကို ယနေ့ နံနက်ပိုင်းကမြို့နယ်တရားရုံး အစည်းဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ မိတ်ဆက်ရှင်းလင်းပွဲတွင်မြို့နယ် တရားသူကြီးဦးတေဇာဝင်းက မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အကြောင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်၏ ရည်ရွယ်ချက်၊ ရရှိမည့်အကျိုး ကျေးဇူး၊ အဓိကလုပ်ငန်းစဉ် အချိန်ကာလကြာမြင့်ချိန် ၊ မှုခင်းစီမံခန့်ခွဲမှုအစည်းဝေးရဲ့ အနှစ်သာရ၊ အကြိုညှိနှိုင်း အစည်းအဝေးနှင့် အပြီးသတ်အကြို ညှိနှိုင်းအစည်းဝေး၏ အနှစ်သာရများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများ ကသိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်တရားသူကြီးက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည် ။ အမှုများကို စစ်ဆေးစီရင်ရာမှာ စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေဖို့တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေနှင့် အညီ တရားရုံးက အမှုနှင့်သက်ဆိုင်သူအားလုံးနှင့်အတူ ပူးပေါင်းပြီး အချိန်နှင့်တပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ဖို့ စီစဥ်ဆောင်ရွက်တဲ့ အစီအစဥ် ဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)