သာစည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သုံးမွှာပူးကလေးများအား ထောက်ပံ့ ငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး ကော်မတီ အတွင်းရေးမှူး မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက မြို့နယ်အတွင်းရှိ ကလေးသူငယ်များနှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြရာ မိတ္ထီလာခရိုင် လူမှူဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာထူးကဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဦးစီးအရာရှိဒေါ်ခင်မာထူးတို့က ကျီတိုင်ကုန်းကျေးရွာမှ သုံးမွှာပူးကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသော ငွေကျပ်ငါးသိန်းကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးရဲနိုင်က ထောက်ပံ့ငွေကျပ် သုံးသောင်းကို လည်းကောင်း ကလေးများ၏ဖခင်ထံ ပေးအပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ တက်ရောက် ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်