မိုင်းယောင်း ဇွန် ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယနေ့ နံနက်ပိုင်းက အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဟွေဖကျေးရွာအုပ်စု နမ့်နော်(အပေါ်)ရွာနှင့် တာကြန့်ကျေးရွာအုပ်စု နမ့်နော်(အောက်) ရွာတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် နမ့်နော်(အောက်)ရွာတွင် စာသင်ဆောင် အသစ် ရရှိလာပါက ဆောက်လုပ်မည့်မြေနေရာ၊ ရွာအဝင်လမ်းနှင့် ရွာအဝင်တံတား အခြေအနေများ၊ ကျေးရွာမီးလင်းရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ ကြည့်ရှုအားပေးကာ လုံခြုံရေး၊ သင်ကြားရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာများ ဆွေးနွေးမှာကြားကာ ကျောင်းသား ကျောင်းသူများ အား စာအုပ်၊ ဘောပင်နှင့် ခဲတံများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နမ့်နော်(အပေါ်)ရွာတွင် ရွာအဝင်တံတားအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း