ရန်ကုန် ဇွန် ၂၂
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနတို့က ကြီးမှူး ကျင်းပသော အပြည်ပြည်ဆိုင်ရာ၊ ရာသီဥတုပြောင်းလဲမှုနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲ တွင်စေတီတော် မြတ်ကြီး၏ အနောက်ဘက်မုခ်၊ သိင်္ဂုတ္တရ ဥယျာဉ် (ဝင်္ဂဘာ)ရေတွင်းကုန်း မြက်ခင်းမြေနေရာဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
သစ်ပင်စိုက်ပွဲတော်အခမ်းအနားတွင် “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စေတီတော်ကြီး၏ အလှည့်ကျသဘာပတိ၊ ဦးတင်ဝက ရုက္ခာရော့ပန ဇယမင်္ဂလာစကားပြောကြားသည်။ ဆက်လက်၍ အလှည့်ကျ သဘာပတိ၊ ဝတ္ထုကံမြေသာယာရေးဌာန(တာဝန်ခံ) ကုသိုလ်ယူဂေါပကနှင့် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတက်တိုးတို့က ဌာနဆိုင်ရာ ဝန်ထမ်း များအား အမှတ်တရ စိုက်ပျိုးရန်အတွက် ပျိုးပင်များကို ပေးအပ်ကြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်း ဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များက သတ်မှတ်ထားသည့် နေရာများ အလိုက် အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးကြသည်။ အဆိုပါ သစ်ပင်များ စိုက်ပျိုးရခြင်းသည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပတ်ဝန်းကျင်၊ စိန်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်ကျင် တိုးတက် ကောင်းမွန်လာစေရေးကို အထောက်အကူပြုစေပြီး ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ အရိပ်ရအပင်များတွင် နားခိုနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်သည်။
ယနေ့ စိုက်ပျိုးသည့် ပျိုးပင်များမှာ ခါတော်မီ၊ ပိတောက်၊ ယူကလစ်၊ မဟော်ဂနီ၊ ခရေ၊ သပြေတို့ ဖြစ်ပြီး ပျိုးပင်ပေါင်း(၅၀၀၀)ခန့် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်