နေပြည်တော် ဇွန် ၂၂
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းပဉ္စမအကြိမ် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲနှင့် ချေးငွေထုတ်ချေးပွဲကို ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာ တပ်ဦးကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် စီမံကိန်းလက်စွဲနှင့်အညီ စီမံကိန်းရန်ပုံငွေများဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးကိုကိုအောင်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ချောင်းဖျား ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၄) ဦးကို လည်ပတ်ရန်ပုံငွေ ကျပ် (၄.၈) သန်း၊ မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူ (၁၂၈)ဦးကို လည်ပတ်ရန်ပုံငွေကျပ် (၃၃.၅၅) သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၁၈)ဦးကို လည်ပတ်ရန်ပုံငွေကျပ်(၆.၄)သန်း စုစုပေါင်း အသင်းသား(၁၆၀)ဦးကို လည်ပတ် ရန်ပုံငွေကျပ် (၄၄.၇၅)သန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)