လောက်ကိုင်မြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

လောက်ကိုင်   ဇွန်  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့တွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌   မြို့နယ် ကိုဗစ်-၁၉  ရောဂါ ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေးကော်မတီ က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊  ဦးသိန်းဇော်ဦးမှ မိမိဒေသအတွင်း ရောဂါပိုးတွေ့ရှိသူ   အတည်ပြုလူနာ (၁)ဦး တွေ့ရှိကြောင်း  ထုတ်ပြန်ကြေညာခဲ့ပါသည်။  ပိုမိုးများပြားလာနိုင်ဖွယ်ရှိသည့်အတွက် ထိန်းချုပ်သည့်လုပ်ငန်းများ ပိုမိုထိရောက်ရန်အတွက် ယခုလို   အရေးပေါ်အစည်းအဝေးခေါ်ယူရကြောင်း၊  လောက်ကိုင်မြို့ အဝင်ဂိတ်၊ ချင်းရွှေဟော်မြို့အဝင်ဂိတ်၊ ရန်လုံကျိုင်းအဝင်ဂိတ်များကို RT(PCR)စက်ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ရောဂါပိုး ရှိ/မရှိ (၇)ရက်လျှင် တစ်ကြိမ် စစ်ဆေးချက်အဖြေ Negative ဖြစ်မှ မြို့ဝင်ထွက်ခွင့်ကတ်ပြား စိစစ်ထုတ်ပေးမည်ဖြစ်ကြောင်း၊  လုပ်ငန်းခွင်များ၌ အလုပ်လုပ်ကိုင် နေသူများ ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်နှင့် ဝင်ရောက်ခွင့်ကတ်ပြား၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနဝတ်စုံဝတ်ဆင်၍  ဝန်ထမ်းကတ်ပြား၊  ဌာနအကြီးအကဲ၏ထောက်ခံချက်များ ကိုင်ဆောင်ထားရန်၊ ရပ်ကွက်တစ်ခုနှင့်တစ်ခု၊ ကျေးရွာတစ်ခုနှင့်တစ်ခု အသွားအလာကန့်သတ် ထားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးသည်တစ်ဦးချင်းမှသည် တစ်မြို့လုံးအရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ၊ စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာ လိုက်နာကြရန်၊ ယခုတက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလဲ  ဝိုင်းဝန်းအကြံပေးဆွေးနွေးစေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်ချောချောအေး က   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို Projector ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားသည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များ၊ မရှင်းသေးသည်များကို ဆွေးနွေးကြသည်။ ဒေသအတွင်းရှိ ပြည်သူများအနေဖြင့်  မဖြစ်မနေကိစ္စမှအပ အတတ်နိုင်ဆုံး မိမိနေအိမ်တွင် နေထိုင်ကြရန်နှင့် မဖြစ်မနေသွားရမည်ဆိုပါက Mask တပ်ဆင်ပြီးသွားလာကြရန်၊ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားရန်၊ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် ဆွေးနွေးကြသည်။ အစည်းအဝေးအပြီးတွင်   မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍  Quarantine Centre  ဖြစ်သော  မိုးလုံလေလုံအားကစားကွင်း၊ ရန်လုံကျိုင်းမြို့ အဝင်ဂိတ်များသို့  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လောက်ကိုင် (ပြန်/ဆက်)