မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် "ပန်းခင်းစီမံချက်ဖြင့်" အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက ဦးလေးကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေးသည့် အိမ်ထောင်စုများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသော အသက်၁၈နှစ်ပြည့်ပြီးသော ပြည်သူများအား ကျိုက်မရော မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးဦးကိုကိုလွင်နှင့် ဝန်ထမ်းများကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်မှ စတင်ကာ ကျေးရွာအုပ်စု ၄အုပ်စုမှ အိမ်ထောင်စု လူဦးရေစာရင်း၊ အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၂ ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ကျေးရွာအုပ်စုများနှင့် အခြေခံပညာအထက်တန်းကျောင်းများ၌လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ပြုလုပ်သော ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု စာရင်းမိတ္တူ၊ ပျောက်ပျက်စာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး