မန့်ဟီးရိုးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူထံအခမဲ့ဖြန့်ဝေ

မန့်ဟီးရိုး ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံ လက်ဝယ်အရောက်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်း၌ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့် ကဗျာ၊ ဆောင်ပုဒ်များဖြင့် အသိပညာပေးရေးသားထားပြီး မူးယစ်အန္တရာယ်မှ ကာကွယ်ရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ခံထုတ်ဝေခဲ့ကြောင်း သိရသည်။ 

အဆိုပါသတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်းနှင့် ဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများထံ ဝေငှရင်း လက်ကမ်းစာစောင်ပါ မူးယစ်ဆေးဝါး အန္တရာယ်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး မန့်ဟီးရိုးမြို့ ဈေးအတွင်းရှိ ဈေးဝယ်လာသူများနှင့် ဈေးရောင်းချနေသူများကိုလည်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                                                                                                                                                                             

စန္ဒာ(ပြန်/ဆက်)