မိုင်းဆတ် ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုင်းဖုန်းဆရာတော်၏ အဓိဋ္ဌာန်အရတည်ထားသည့် သဗ္ဗညု ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား စိန်ဖူးတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သဗ္ဗညုကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒကက နတ်ပင့်ဂါထာဖြင့် နတ်၊ ဗြဟ္မာများအားပင့်ဖိတ်သည်။ ထို့နောက် မြို့ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်၍ ဥပသကာတို့က ပရိတ် ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကို သံဃာတော်များအား ဆက်ကပ်ရာ သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရား တော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။ ယင်းနောက် ဥပသကာတို့က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်တို့ကို စေတီ တော်ရင်ပြင်နှင့် ပရဝုဏ် အတွင်း ပက်ဖြန်းချည်နှောင်သည်။
ဆက်လက်ပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ဦးဇော်ဝင်းနှင့်အလှူရှင်များက သဗ္ဗညုဆုတောင်းပြည့်စေတီတော်မြတ်ကြီး အားရည်မှန်း၍ စိန်ဖူးတော်နှင့် လှူဖွယ် ဝတ္ထူပစ္စည်းတို့ကို ဆရာတော်သံဃာတော်တို့အား ဆက်ကပ်လှူဒါန်းပြီး ဓာတ်စွမ်ဟုန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတထံမှ ရေစက်ချ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေသည်။
ထို့နောက် အလှူရှင်များဦးဆောင်၍ စိန်ဖူးတော်ကို ပင့်ဆောင်လျက် စေတီတော်အား လင်္ကျာရစ် သုံးပတ် လှည့်လည်ပူဇော်ပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်ကို တင်လှူပူဇော်ရာ သံဃာတော် အရှင်သူမြတ်တို့က “ဇယန္တေဗော ဓိယာမူလေ”ဂါထာ ရွတ်ဆိုပူဇော်သည်။
ယင်းနောက် သဗ္ဗညုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒကက နတ်၊ ဗြဟ္မာများအား ပြန်လည် ပို့ဆောင်၍ စိန်ဖူးတော်တင်လှူပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးရွာသွန်း ဖြိုးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်တို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ဧည့်ပရိတ်သတ်တို့ အား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ သဗ္ဗညုဆုတောင်းပြည့်စေတီတော်မြတ်ကြီးသည် (၂၇-၅-၁၉၉၇) ရက်နေ့တွင် မိုင်းဖုန်း ဆရာတော် မိုင်းဆတ်မြို့သို့ ကြွရောက်သတင်းသုံးတရားထိုင်အဓိဌာန်ပြုရာမှ မိုင်းဆတ်-မိုင်းပြင်း ကားလမ်းမဘေး ကျဒယ်ရွာနှင့် ခလရ(၂၇၈)ကြားတွင် လွန်ခဲ့သောနှစ်ပေါင်း(၈၀၀)ခန့်မှ စေတီတစ်ဆူရှိခဲ့ပြီး သစ်ပင်များဖုန်းလွှမ်းလျက်ရှိကြောင်း အာရုံတွင်ထင်မြင်လာသဖြင့် သွားရောက် ရှာဖွေရှင်းလင်းရာ ရှေးဟောင်းအုတ်ပြားချပ် စေတီဟောင်းအုတ်ခုံအပျက်အား သစ်ပင်များ ပေါက်ရောက်ဖုံးလွှမ်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဆရာတော်မှပြန်လည်ပြုပြင်ရန်မိန့်ကြားချက် အရ ပလ္လင်တော်(၄၄)တောင်ပတ်လည်နှင့် ဉာဏ်တော်အမြင့်(၃၇) တောင်ရှိစေတီတော်အား ပြန်လည်တည်ဆောက်ခဲ့သည့် ဆုတောင်းပြည့်စေတီတော်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)