ပျော်ဘွယ် ဇွန် ၂၂
ပျော်ဘွယ်မြို့နယ်အတွင်းရှိတောင်သူများအနေဖြင့် စပါး၊ ဝါ၊ ပဲ၊ ပြောင်း စသည့်အဓိကသီးနှံများကို စိုက်ပျိုး နေသည့်အပြင် စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် ပဲတိုင်ထောင်ကို စိုက်ပျိုးရောင်းချလာကြောင်း သိရသည်။
ပဲတိုင်ထောင်စိုက်ပျိုးရောင်းချနေသည့် ခင်ကြီးယကျေးရွာနေ တောင်သူ ဦးအောင်ဝင်း က “မြေကိုထွန်ယက်ပြီး ဘောင်ဖော်စိုက်ပျိုးရပါတယ်၊ အပင်ပေါက်လာတဲ့အချိန်မှာ အပင် တွယ်တက်အောင် တိုင်ကလေးတွေထောင်ပေးရခြင်းဖြစ်ပါတယ်၊ ယခုအချိန်မှာ အပင်ရေ(၄၀၀)ခန့် စိုက်ပျိုးထားပါတယ်၊ တစ်လခွဲသားခန့်မှာ အသီးစတင်ဆွတ်ခူး နိုင်ပါပြီ၊ လိုအပ်တဲ့အချိန်တိုင်း ရေလောင်းခြင်း၊ မြေဩဇာကျွေးခြင်းတို့ကိုပြုလုပ်ပေးရပါတယ်၊ တစ်ကြိမ်ဆွတ်ခူးလျှင် (၁၅) ပိဿာခန့် ထွက်ရှိပါတယ်၊ (၅)ရက်တစ်ကြိမ်ဆွတ်ခူးရပါတယ်”ဟုရှင်းပြသည်။
ပဲတိုင်ထောင် တစ်ပိဿာလျှင် (၁၂၀၀)ကျပ်ဖြင့်ရောင်းချရပြီး တဆင့်ပြန်လည်ရောင်းချသူများမှာ လာရောက် ဝယ်ယူမှုများရှိသလို ပွဲစားများမှလည်း လာရောက်ဝယ်ယူနေသောကြောင့် တောင်သူများအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)