အင်းစိန်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်) မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

ရန်ကုန် ဇွန် ၂၂         

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီ အသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ မဂ္ဂင်ကျောင်းလမ်း၊ မဂ္ဂကျောင်းတိုက်မှ သီးလရှင်တစ်ပါး ကျောက်ကပ် ဝေဒနာလူနာနှင့် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အမောဖောက်ပြီး အသက်ရှုကြပ်ရောဂါခံစားရပြီး ဆေးရုံပို့ရန် အကူအညီ တောင်းခံလာသဖြင့် ယမန်နေ့ နေ့လယ်ပိုင်း က ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၂)စီးဖြင့် အချိန်နှင့် တစ်ပြေးညီ အဆိုပါဖြစ်ပွားသည့် နေရာများသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး မြောက်က္ကလာပဆေးရုံသို့ အသီးသီး ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို