လင်းခေး ဇွန် ၂၂
စာပေဖတ်ရှုလေ့လာသူများနှင့် အများပြည်သူတို့ စာပေဗဟုသုတများ အစဉ်တစိုက်လေ့လာလိုစိတ်များ စဉ်ဆက်မပြတ်ရှင်သန်လာနိုင်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်လာစေရေးတို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူအသင်းဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာလယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ပါအကြောင်းအရာများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးသန်းမြင့်၊ ခရိုင်ဒုတိယဦးစီးမှူး ဒေါ်ဝင့်စန္ဒီအိ နှင့်မြို့နယ်စာပေ ချစ်မြတ်နိုးသူများ အသင်းဝင်များက တစ်ဦးချင်းအလိုက် ဖတ်ရှုခဲ့ကြသည်။
ယင်းနောက်အဆိုပါ စာအုပ်ပါ ခေါင်းစဉ်အကြောင်းအရာ အသီးသီးမှ ၎င်းတို့ဖတ်ရှုလေ့လာ ရရှိခဲ့ကြသည့် အသိပညာဗဟုသုတများအား အပြန်အလှန်ပြန်လည် ဆွေးနွေးဝေမျှခဲ့ကြရာတွင် ဒုတိယဦးစီးမှူး ဒေါ်ဝင့်စန္ဒီအိက “ပန်းစိုက်ပျိုးသူက မိမိစိုက်ပျိုးထားတဲ့ ပန်းကလေး ရှင်သန်ပွင့်လန်းလာနိုင်ဖို့ တင့်တယ်လှပတဲပန်းကလေးများကို စနစ်တကျ ပျိုးထောင်ပေးတတ်တဲ့ ဥယျာဉ်မှူးတစ်ဦးလို့ ကျွန်မတို့ရဲ့ကလေး တွေကို ပြုစုပျိုးထောင်တတ်လာစေဖို့ ရည်ရွယ်ချက်များနဲ့ ပတ်သက်ပြီး စာရေးဆရာက ရည်ညွှန်းဖော်ပြရေးသားထားတာကို ဗဟုသုတဖြစ်စေကြောင်း ကျွန်မအနေနဲ့ လေ့လာသုံးသပ် ခံစားမိပါတယ်” ဟု ဆွေးနွေးခဲ့ပြီး ဒေါ်နန်းမြင့်မြင့်စန်း(ရုပ်သံကျွမ်းကျင်-၃)က “ဥယျာဉ်မှူး တစ်ဦးအနေနဲ့ ပန်းပင်တွေကိုပြုစုစိုက်ပျိုးထောင်ရာမှာ ပန်းတွေကောင်းမွန်စွာ လှပဝေဆာ ပွင့်လန်းလာစေဖို့ အတတ်နိုင်ဆုံးညှင်ညှင်သာသာ နည်းစနစ်တကျ ကိုင်တွယ်မှုများ ဆောင်ရရတဲ့ အလားတူ ပန်းပင်နဲ့အလားတူတဲ့ ကျွန်မတို့တတွေရဲ့ သားသမီးတွေကို ပြုစုပျိုးထောင် ပေးတတ်နိုင်ရင် ကျွန်မတို့ရဲ့ သားသမီးတွေရဲ့ ဘဝအနာဂတ်မှာ ယဉ်ကျေးလိမ္မာ လှပတဲ့ဘဝလေးတွေကို ရရှိပိုင်ဆိုင်လာနိုင်မှာဖြစ်တယ်လို့ ဒီစာအုပ်ထဲက ဗဟုသုတတွေကို ဖတ်ရှုလေ့လာ ရရှိခဲ့ပါတယ်” ဟု ၎င်းက ပါဝင်ဆွေးနွေးခဲ့သည်။
အလားတူစာဖတ်ဝိုင်းများကို ပြုလုပ်ပေးခြင်းအားဖြင့် ပြည်သူလူထုအသိပညာဗဟုသုတများ တိုးတက်လာစေရန် နောင်လာမည့်အချိန်ကာလများတွင်လည်း ဤကဲ့သို့ စာဖတ်ဝိုင်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဦးစီးအရာရှိက ဖြည့်စွက်ပြောကြား ခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)