မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ဇမ္ဗူသီရိ   ဇွန်  ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နီလာစိုးက ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ယခုလို မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေး Talk Show မှတဆင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ်ကြမည့် လူငယ် လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး မူးယစ်ကင်းစင်သော လူငယ်ဘဝကို ကျော်ဖြတ်နိုင်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ နေပြည်တော်၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စာရေးဆရာခိုင်မင်း(နေပြည်တော်)က မူးယစ်ဆေးဝါးအကြောင်း၊ စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအကြောင်း၊ စိတ်ကြွရူးသွပ်ဆေးလို့ခေါ်ဆိုရသည့် အကြောင်း၊ မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ကော်ရှုခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများနှင့် လူငယ်လူရွယ်တွေအနေနဲ့ မူးယစ်ဆေးဝါး၏ သားကောင်ဘဝကို မရောက်ရှိစေဖို့အတွက် ရှောင်ကြဉ်ရမည့်အချက်များ စသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)