ကွမ်းခြံကုန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

ကွမ်းခြံကုန်း   ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက အဖွင့်အမှာစကားအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ အားလုံးနှင့်တွေ့ဆုံ မိတ်ဆက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များနှင့် ပတ်သက်၍ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် ကိုဗစ်-၁၉ရောဂါ   ထပ်မံတိုးပွားမှု မဖြစ်လာစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်  ဗိုလ်မှူးဇော်မင်းထွဋ်က ယခုအချိန်အခါတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးသတိ ဝိရိယရှိစွာနေထိုင်ရေးနှင့် ရုံးလုံခြုံရေး အထူးဂရုပြုကြရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲတင့်က ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍာများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး  အတွင်းရေးမှူး ရဲမှူးလှသူက ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွန်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ပြီး မြို့နယ်အတွင်း လက်ရှိဆောင်ရွက်နေကြသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်ရေးတို့အတွက် ဌာနအလိုက် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။