မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မိုင်းယောင်း   ဇွန်  ၂၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း နှင့် ကျေးရွာခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဝမ်ဘိုးကျေးရွာအုပ်စု လောင့်ဟန်၊ ယမ်းလဲနှင့် ဝမ်ပုံ ကျေးရွာ၊ ဟောင်ကြန့်ကျေးရွာအုပ်စု တာပေါက်၊ ပါဆတ်နှင့် အောင်မြေဆည်းဆာကျေးရွာ၊ မုန်းလိုက်ကျေးရွာအုပ်စု တာလုတ်၊ ဟိုဒုန်းနှင့် ဝမ်လျှဲန်းဖိုင်ကျေးရွာ၊ ဝမ်တပ်ကျေးရွာအုပ်စု ဝမ်ဒေနှင့် ဝမ်မိုင်ကျေးရွာ၊ တာကြန့်ကျေးရွာအုပ်စု ကော်ဆမ်မိန်းကျေးရွာများတွင် အရှည် ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ ထု ခြောက်လက်မ အတိုင်းအတာရှိသော ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သည်။

ထို့ပြင် ဝမ်ဘိုးကျေးရွာအုပ်စု ယမ်းမွန်းကျေးရွာ၊ ဟောင်ကြန့်ကျေးရွာအုပ်စု ပါမန်းနှင့် ယမ်းခမ်း ကျေးရွာများတွင် အလျား ၄၈ ပေ၊ အနံ ၂၈ ပေ၊ အမြင့် ၁၂ ပေ အတိုင်းအတာရှိ ကျေးရွာခန်းမ ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများမှာလည်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကျေးရွာခန်းမဆောင် ဆောက်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် ကျေးရွာအုပ်စု ငါးအုပ်စု၊ ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၉၅၃ အိမ်၊ လူဦးရေ ၄၅၄၄ ဦးအား အကျိုးပြုပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း