ဒဂုံတောင် ဇွန် ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ထေရဝါဒဗုဒ္ဓသာ သနာ ထွန်းကားစေရန်နှင့် သာသနာ့အာဇာနည်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်( ၅၃) ရပ်ကွက်ရှိ ဦးဖိုးလှ ဆုတောင်းပြည့် စေတီတော် ဓမ္မာရုံအတွင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆို ခဲ့ကြကြောင်း သိရသည်။
၂၀၂၁ ခုနှစ် အစိုးရနိကာယ်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာဖြေသံဃာ (၃၁) ပါး ဝင်ရောက် ဖြေဆိုမှုအား ကြီးကြပ်ဆရာတော် (၁၅) ပါးဖြင့် အနီးကပ်ကြီးကြပ် စီမံ ဆောင်ရွက်ပေးတော်မူခဲ့ ကြောင်း သိရသည်။
ထို့ပြင် စာဖြေသံဃာတော်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ နှာခေါင်းစည်း Mask များ၊ လက်သန့်ဆေးရည်များ လှူဒါန်းခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာလုပ်အားရှင်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် အပူချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။