ကျောက်ဆည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဗိမ္မာန် (ဗြဟ္မဝိဟာရ(၄)ထပ်ဆောင်) ဓမ္မာရုံတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်သာသနာရေးဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်သံဃာနာယကဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ၂၀၂၁ ခုနှစ်၊ (၂၈)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် အစိုးရနိကာယ်စာမေးပွဲကို အုပ်စု(၄)စုခွဲကာ ကျင်းပပြုလုပ်ခဲ့ပြီး အုပ်စု(၁) ဝိဒူတန်းပါရာဇိကပါဠိတွင် စာဖြေသံဃာ(၄၁)ပါး၊ အုပ်စု(၂)သီလက္ခန္ဓပါဠိတွင်(၂)ပါး၊ အုပ်စု(၅)ဧကကမှ စတုက္ကနိပါတထိတွင်(၅)ပါး၊ အုပ်စု(၈)ဓမ္မသင်္ဂဏီပါဠိတွင်(၂)ပါး စုစုပေါင်း သံဃာ (၅၀)ပါး ဖြေဆိုရန် စာရင်းသွင်းထားပြီး အုပ်စု(၁)တွင်(၁၈)ပါး၊ အုပ်စု(၅)တွင်(၁)ပါး၊ အုပ်စု(၈) တွင်(၂)ပါး စုစုပေါင်း သံဃာ(၂၁)ပါး ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
အစိုးရနိကာယ်စာမေးပွဲကျင်းပရာတွင် ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များ အား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖအလှူရင်များက အအေးနှင့် အချိုပွဲများ ဆပ်ကပ်ခဲ့ကြောင်းနှင့် နိကာယ်စာမေးပွဲကို ဇွန်လ(၂၁)ရက်နေ့မှ(၂၅)ရက်နေ့အထိ မွန်းလွဲ(၁)နာရီမှ ညနေ (၅)နာရီအထိ နေ့စဉ်ပိတ်ရက်မရှိ (၅)ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)