အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင် ထောက်ပံ့ခြင်းအခမ်းအနား ကျောက်ပန်းတောင်းမြို့နယ်တွင်ကျင်းပ

ကျောက်ပန်းတောင်း    ဇွန်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို၊ ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်က ကျောက်ပန်းတောင်းမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်အတွင်း ဒုတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်ထောက်ပံ့ငွေများကို ကျောက်ပန်းတောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး မိုးကိုကို၊ ဦးရွှေပိုနှင့် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်တို့က ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံ တစ်ဦးချင်းလွှဲပြောင်း ပေးအပ်သည်။ ယခုထောက်ပံ့ငွေမှာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်၊ ဒုတိယ သုံးလပတ်ဖြစ်သည့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လများအတွက် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး၊ တစ်မြို့နယ်လုံး ဘိုးဘွား(၁၉၀၆)ဦးအတွက် ငွေကျပ် (၅၁၇၈၀၀၀၀) ပေးအပ်ရမည် ဖြစ်သော်လည်း၊ ယနေ့တွင် ဘိုးဘွား(၃၃၃)ဦး အတွက် ငွေကျပ်(၉၉၉၀၀၀၀)ကျပ် ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ ထောက်ပံ့ငွေပေးအပ်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့ပေါ် (၁၂)ရပ်ကွက်နှင့် ကျောက်ပန်းတောင်းမြို့နယ်ခွဲမှ ကျေးရွာအုပ်စု (၇)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။

နေအောင်(ပြန်/ဆက်)