မိုင်းနောင် ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ပြည်သူလူထုများနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ ရှောင်ရန်/ဆောင်ရန်များနှင့် မှတ်သားဖွယ်ရာ အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယနေ့ နံနက်(၉)နာရီအချိန်က အထကကျောင်းနှင့် စျေးများ၊ လမ်းသွားလမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်ကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန တာဝန်ရှိသူများ ပူးပေါင်းကာ ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်ပါ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ဖြေရှင်းခြင်းနည်းလမ်းများ၊ မူးယစ်ဆေးဝါး ဥပဒေများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ရှင်းလင်းပြောကြားကာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းများ အဆင့်လိုက် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
နန်းမီး (မိုင်းနောင်)