နောင်ချို ဇွန် ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ စုစုပေါင်း (၁၉)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများမှာ ဇွန်လ ၁၉ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိရသည့် ဘူတာရပ်ကွက် မှ ကျား (၁)ဦး၊ မ(၁)ဦး တို့နှင့် ထိတွေ့ဆက်စပ်သူ (၁၀၇)ဦး နှင့် ဇွန်လ(၂၁)ရက်နေ့တွင် အနံ့ပျောက်၍ လာရောက်စစ်ဆေးသူ (၅)ဦး စုစုပေါင်း(၁၁၂)ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၁၆)ဦး၊ အနံ့ပျောက်၍ လာရောက်စစ်ဆေးသူ (၃)ဦး စုစုပေါင်း (၁၉)ဦး၌ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရောဂါပိုး တွေ့ရှိသူ (၁၉) ဦးတွင် မူကြိုကလေးငယ်(၁)ဦးနှင့် တတိယတန်းကလေး (၁)ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကြပ်မတ်ကုသနိုင်ရန် သီးခြား ဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် မိသားစုများ နေထိုင်သည့် နေအိမ်၊ အဆောက်အဦ များအား ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အသွားအလာ ကန့်သတ်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)