ချင်းရွှေဟော် ဇွန် ၂၂
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ Swab များ ရယူခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ကိုးကန့်စာသင်ကျောင်းဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်ဒေါက်တာသီဟနှင့်ဝန်ထမ်းများ၊ ချင်းရွှေဟော်ကိုးကန့်ပရဟိတအဖွဲ့များ၊ သန္တိသုခလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဈေးသည်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် Swab များ ရယူခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား တရုတ်နိုင်ငံ၊ ကြက်ခြေနီအသင်းမှလှူဒါန်းထားသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ၊ ချင်းရွှေဟော်မြို့ရှိ ကိုဗစ်-၁၉ရောဂါရှိ/မရှိ စစ်ဆေးသည့် RT(PCR) စက်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
မြို့နယ်၊ ပြန်/ဆက်