ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်

တွံတေး ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော် မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားရာမှ စေတီတော်မြတ်ကြီးအား စည်းကမ်းချက်နှင့်အညီ မြို့နယ်သံဃနာယက ဆရာတော်ကြီး၏ ဩဝါဒကို ခံယူ၍ မေလဆန်းမှ စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ ရွှေဆံတော်စေတီတော်မြတ်ကြီးကို နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၅)နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထား​ပြီဖြစ်သည်။ ဘုရားဖူးပြည်သူများအား အပူချိန်တိုင်တာခြင်း၊ Mask တပ်ဆင်ပြီး လက်သန့်ဆေးရည်ဖြင့် သန့်စင်စေ ပြီးမှ စေတီတော်အား တက်ရောက်ဖူးမြော်ရမည်ဖြစ်ကြောင်း သိရှိရသည်။

စေတီတော်ရင်ပြင်ပေါ်ရှိ တန်ဆောင်းများအားလုံး ဘုရားဖူးလာပြည်သူများ ဖူးမျှော်ကြည်ညိုနိုင်ရေး ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စေတီတော်မြတ်ကြီးအား လာရောက် ဖူးမြင်နိုင်ပြီးဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမင်းလွင်ထံမှ သိရှိရသည်။

အဆိုပါ စေတီတော်မြတ်ကြီးသည် မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထမြောက်အမြင့်ဆုံး စေတီတစ်ဆူ ဖြစ်ပြီး ဉာဏ်တော်အမြင့် (၂၅၀)ပေ၊ ပင်လယ်ရေပြင်အထက် အမြင့် (၈၆.၃၅၆ ပေ)၊ စေတီတော်ရင်ပြင် အကျယ်မှာ (၄.၄၇) ဧကရှိကာ ယင်းစေတီတော်မှာ ရှေးနှစ်ပေါင်း (၂၅၀၀) ကျော်က တည်ထားခဲ့ ကြောင်း သိရှိရသည်။