ဆွမ်ပရာဘွမ် ဩဂုတ် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ် ပိုစတာများကပ်ခြင်းနှင့် မဲစာရင်းသွားရောက် ကြည့်ရှု့ကြရန် လှုံ့ဆော်ခြင်းများကို ယနေ့နံနက် ၁၁ နာရီက မြို့မစည်ပင်ဈေး၊ မြို့ပတ်လမ်း၊ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်များ အနေဖြင့် ယခုပထမအကြိမ် မဲစာရင်းကြေညာသည့်အခါတွင် မိမိ၏အမည် မဲစာရင်းတွင် ပါရှိခြင်း ရှိ/မရှိ သွားရောက်ကြည့်ရှု စစ်ဆေးရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မိမိ၏အမည် ပါဝင်မှသာ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ကြောင်း၊ လိုအပ်ချက်များ ရှိပါက ပုံစံများနှင့်တကွ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံတွင် ပုံစံဖြည့်သွင်း လျှောက်ထားနိုင်ပါကြောင်း ဆွမ်ပရာဘွမ် မြို့နယ်အနေဖြင့် ရွေးကောက်ပွဲ မဲရုံ(၁၂)ရုံ ဖွင့်လှစ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယနေ့ ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာရာတွင် မဲဆန္ဒရှင် ကျား(၉၅၁)ဦး၊ မ(၉၅၂)ဦး မဲဆန္ဒရှင် စုစုပေါင်း (၁၉၀၃)ဦး ရှိကြောင်း ဆွမ်ပရာဘွမ်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ဦးစီးအရာရှိ ဦးအောင်နိုင်ဦး က ပြောကြားသည်။
အဆိုပါအဖွဲ့သည် ဆွမ်ပရာဘွမ်မြို့၊ မြို့မစည်ပင်ဈေး၊ မြို့ပတ်လမ်း၊ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုတို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် (၂၀၀၀)စောင်၊ နံရံကပ်ပိုစတာ (၂၄)စောင်တို့ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)