မိုင်းပျဉ်းမြို့နယ်တွင် အသက် ၂၅နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးအစည်းအဝေးကျင်းပ

မိုင်းပျဉ်း  ဇွန် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက် ၂၅နှစ်အောက် ဘောလုံးအားကစား ပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီခွဲကမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက မြို့နယ်တွင်း လူငယ်ရွက်ပုန်းသီး အားကစားသမားကောင်းများဖော်ထုတ်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မြို့နယ်လက်ရွေးစင်ကစားသမားများ ရွေးချယ်နိုင်ရေးတို့အတွက် အသက် ၂၅ နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲကို ကျင်းပမည်ဖြစ်၍ သက်ဆိုင်ရာကဏ္ဍ အလိုက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှအားကစားမှူးဦးအောင်မျိုးသူက ဘောလုံးအားကစားပြိုင်ပွဲနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်း  ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပါဝင်ယှဉ်ပြိုင် ကစားကြမည့် အားကစားဝါသနာရှင် လူငယ်ကစားသမားများက အသက် ၂၅နှစ်အောက်ဘောလုံး အားကစားပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရ သည်။

မေမွန်ထွဋ်