တပ်ကုန်း ဇွန် ၂၂
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဌာနဆိုင်ရာ များနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဌာနဆိုင်ရာများနှင့်တွေ့ဆုံမိတ်ဆက်၍ နေပြည်တော်ကောင်စီ၏ လမ်းညွှန် မှာကြားချက်များကို သက်ဆိုင်ရာဌာန အလိုက် လိုက်နာဆောင်ရွက်သွားရန်၊ မြို့အင်္ဂါရပ်နှင့်အညီ မြို့တွင်းယာဉ်များ စည်းကမ်းတကျ ပြေးဆွဲနိုင်ရေး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ယာဉ်စည်းကမ်း၊ လမ်းစည်းများနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ သစ်တောပြုန်းတီမှုကာကွယ်ရန် ဝါးပင်စိုက်ပျိုး တောင်သူများ ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးရန်၊ သဲစုပ်ထုတ်လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ မိုးလေဝသ သတင်းအချိန်နှင့်တပြေးညီ သိရှိနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားနိုင်ရန်နှင့်အသက်(၁၈)နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရေးတို့ကို သက်ဆိုင်ရာဌာနများအား ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်း၊ ဥတ္တရခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့လိုက်ပါ၍ အထက(မကျီးပင်)၊ အထက(ညောင်လွန့်)ကျောင်းများတွင် လက်ဆေးဘေစင်ထားရှိမှု၊ ကျန်းမာရေးအခန်းများနှင့်စာသင်ခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာသင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး တပ်ကုန်းမြို့အဝင်ညောင်လွန့်စစ်ဆေးဂိတ်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်ပြီး အထက(ကင်းသာ)၊ အလက(သပြေ ချောင်း) ကျောင်းများတွင် လက်ဆေး ဘေစင်များထားရှိမှုနှင့် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များကိုလည်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်