ဇေယျာသီရိ ဩဂုတ် ၁၀
ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်မွေးမြူထုတ်လုပ်ခြင်းသင်တန်းကို ယနေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဇေယျာသီရိမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဒေါ်တိုးမြင့်ထွေးက အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP)အရ ဖွင့်လှစ်ပို့ချသောသင်တန်းဖြစ်ပြီး အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် covid-19ကြောင့် စီးပွားရေး ထိခိုက်မှု ထိန်းချုပ်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ယခုလို သင်တန်းတွေ ဖွင့်လှစ်ပို့ချဖြင်းဖြစ်ကာ ယခုသင်တန်းတွင် တိုင်းရင်းကြက် သိပ္ပံနည်းကျမွေးမြူထုတ်လုပ်ရေး၊ ကူးစက်ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေး စသည့် အကြောင်းအရာများကိုသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုနှင့် နန်းဩကျေးရွာအုပ်စုများမှ သင်တန်းသား/သူ (၂၀) ဦးတက်ရောက်သင်ကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ တိုင်းရင်းကြက် စသည့်မွေးမြူထုတ်လုပ်ရေးသင်တန်းများနှင့်တိရစာ္ဆန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းများကို တစ်ကြိမ်လျှင် (၃)ရက်၊ စုစုပေါင်း ၁၄ ကြိမ်ဖွင့်လှစ်ပို့ချပြီး ဖြစ်ကြောင်း သိရသည်။
အေးလင်းထွန်း (ဇေယျာသီရိပြန်/ဆက်)