ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားများ တည်ဆောက်ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း  ဇွန်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ကုန်ထုတ်လမ်းနှင့်တံတားများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းနှင့်မြို့နယ် တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း(မူလ+မွမ်းမံ) ရန်ပုံငွေဖြင့် ကျေးလက်ဒေသနေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာရောက်ရှိစေရေး သယ်ယူပို့ဆောင် နိုင်ရန်အတွက် ကုန်ထုတ်လမ်း/တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ (၁၀၁.၆၈)ကျပ်သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အဆိုပါလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းသည် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်ဝန်ထမ်းများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ကုန်ထုတ်လမ်းလုပ်ငန်းတွင် (မြေသား+ဂျင်း)ခင်းခြင်းလုပ်ငန်း (၂/၀ မိုင်×၁၂ပေ×၂ပေ-၉လက်မ)ကိုလည်းကောင်း၊ ကုန်ထုတ် တံတားတည်ဆောက်ခြင်း လုပ်ငန်းတွင် (၁၅ပေ×၁၄ပေ×၈ပေ) တံတား(၂)စင်းနှင့် Slab Culvert (၂၀ပေ-၆ပေ-၃ပေ)(၂)စင်း ဆောင်ရွက်မှု လုပ်ငန်း(၈၃) ရာခိုင်နှုန်းပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါ ကုန်ထုတ်လမ်းနှင့်တံတားများပြီးစီးပါက  ကျေးရွာအိမ်ခြေ(၁၄၀)၊ အိမ်ထောင်စု(၁၄၃)စုရှိ လူဦးရေ(၆၂၇)ဦးမှ အကျိုးပြုတောင်သူဦးရေ(၁၅၀)ဦးတို့၏ လယ်/ယာမြေဧက(၃၇၀၀) မှထွက်ရှိသည့် သီးနှံများကို လွယ်ကူလျင်မြန်စွာ သယ်ယူ ပို့ဆောင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေအောင်