တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပ

 

ရန်ကုန် ဇွန် ၂၁

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်တွင်လည်း ယနေ့ မွန်းလွဲ (၁:၀၀)နာရီအချိန်က (၂၀၂၁)ခုနှစ် နိကာယ် စာမေးပွဲကို စတင်ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော် (၁၅၈)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပပြုလုပ်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ (၂၀၂၁)ခုနှစ် နိကာယ်စာမေးပွဲကို ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၅)ရက်နေ့အထိ နေ့စဉ်မွန်းလွဲ (၁)နာရီမှ ညနေ(၅)နာရီအထိ အုပ်စု(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၈) စသည်ဖြင့် အုပ်စုများခွဲ၍ မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များမှ စာဖြေသံဃာတော်များ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းနှင့် စာဖြေသံဃာတော်များ အနေဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် စာဖြေခန်းမ များသို့ မဝင်ရောက်မီ လက်ဆေးဆပ်ပြာရည်နှင့် စနစ်တကျ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။

 

 

နိုင်လင်းအောင်