မူဆယ်ခရိုင် ရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်

မူဆယ် ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်ဆန်းသူရိယအေးချိုရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                             

၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင် စရိတ်ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ပွဲအခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးသူက ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးသူနှင့် တာဝန်ရှိသူများက မူဆယ် မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များမှ တပ်ဖွဲ့ဝင်များ၏ သား/သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။    

မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှ တက္ကသိုလ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော တပ်ဖွဲ့ဝင်မိသားစုများ၏ သား/သမီး  (၆၂)ဦးတို့အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်(၆)သိန်း၊ သင်ထောက်ကူပစ္စည်း ငွေကျပ် (၁၄)သိန်း၊ စုစုပေါင်း တန်ဖိုးကျပ်သိန်းနှစ်ဆယ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးသူက မိမိတို့တပ်ဖွဲ့ဝင်မိသားစုများ၏ သား/သမီးများ ပညာသင်ကြားရာတွင် အဆင်ပြေချောမွေ့စွာဖြင့် သင်ယူနိုင်ရေးအတွက် ယခုလို ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

စန္ဒာ(ပြန်/ဆက်)