နေပြည်တော် ဇွန် ၂၁
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်စာအုပ် စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)အဖွဲ့၊ စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင် များက ယနေ့မွန်းလွဲ(၁)နာရီတွင် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလို ချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်က စာဖတ်ဝိုင်ကျင်းပရခြင်းနှင့်ပတ်သက်၍ မိတ်ဆက်ပြော ကြားသည်။
ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဒက္ခိဏခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ၊ စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ”စာအုပ်တွင်ပါရှိသည့် သမီးမိန်းကလေးနှင့် အိမ်ထောင်ထိန်းသိမ်းရေး၊ ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ၊ ကလေးနှင့် ပတ်ဝန်းကျင်၊ မိဘဆရာရိုသေပါ၊ ကလေးနှင့်အနုပညာကိုခံစားခြင်းစသည့် ခေါင်းစဉ်များအပါအဝင် စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်တို့ကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)