သာစည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကိုင်းရိုးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းအား အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲနှင့် အလှူရှင်မှ ဆောက်လုပ်လှူဒါန်းသော ခေမာဓိပတိခိုင်မေတ္တာ စာသင်ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အလယ်တန်းကျောင်း(ခွဲ) ဆိုင်းဘုတ်နှင့် ကျောင်းဆောင်သစ်တို့အား မြို့နယ်ပညာရေးမှူး ဦးစိုးဦး၊ အလှူရှင်ရန်ကုန်မြို့နေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှ သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddhism) သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A(Buddhism) (နယဒေသက) (သုတ္တန်တိပိဋကမဟာဌာန) ကရင်ပြည်နယ် အဆောင်မှူး ဆရာတော် အရှင်ခေမာစာရနှင့် ဦးဝေလင်း ဇနီးဒေါ်ခိုင်သဉ္ဇာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝင်းနှင့် ကျောင်းအုပ်ကြီး ဦးသန့်ဇင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြို့နယ်ပညာရေးမှူးက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ မြို့နယ်ပညာရေးမှူးက အမှာစကားပြောကြားပြီး ဆရာတော်က ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်း နှင့်ပတ်သက်၌ ရှင်းလင်း မိန့်ကြားသည်။
ထို့နောက် အလှူရှင်များက ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား မြို့နယ် ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ရာ လက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးမှ အထိမ်းအမှတ် အလံများနှင့် ဂုဏ်ပြုလွှာတို့ကို တာဝန်ရှိသူများထံ ပေးအပ်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်မှာ အလျားပေ ၁၀၀ နှင့် အနံ ၃၀ ပေရှိ RC တစ်ထပ်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)