ဒေါပုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဒေါပုံ  ဇွန် ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက ပြောကြားရာတွင်        "ကိုဗစ်-၁၉ ရောဂါပိုးဟာ အသွင်ပြောင်းပုံသဏ္ဍာန်ဖြင့် ကူးစက်ပြန့်ပွားလျက်ရှိကြောင်း၊ မိမိတို့မြို့နယ် အတွင်းသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်တဲ့အတွက် Quarantine Centre များ ဖွင့်လှစ်ရန် အခက်အခဲရှိနေကြောင်း၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ များအနေနဲ့ ကိုယ့်မြို့ ကိုယ့်ရပ်ကွက်အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုးစား ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားလာပါက သီးသန့်လူနာထားရှိ နိုင်ရေးအတွက် Quarantine Centre ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ ဖြည့်စည်းပေးနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း မိမိရပ်ကွက်အတွင်း ပြည်ပမှ ပြန်လာသူများ ရှိပါက တာဝန်ရှိသူများထံသို့ သတင်းပေးပို့သွားရန် လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်မိ ရပ်ဖအဖွဲ့များ၊ ပရဟိတအဖွဲ့တို့မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရ သည်။