သီပေါ ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းမှ ယခုအခါသီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိသည့်လူနာစုစုပေါင်း(၁၇)ဦးရှိပြီဖြစ်ကြောင်း၊ နမ့်လန်ကျေးရွာတွင် ကိုဗစ်−၁၉ရောဂါပြန့်ပွားမှုကာကွယ်နိုင်ရေးအတွက် စနစ်စကျဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ အသိပညာပေး လုပ်ငန်း များပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရမှာဖြစ်ကြောင်း နှင့် မြို့အဝင်/အထွက် ကိုဗစ်−၁၉ရောဂါ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ လိုအပ်သည် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီဝင်များ အနေဖြင့် လိုအပ်သည်များ ဖြည့်စွက်တင်ပြ ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီဝင်များဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယမြို့နယ်ရဲမှူးမှလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိမှ လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးမှလည်းကောင်း၊ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူးမှ လည်းကောင်း၊မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိမှလည်းကောင်း၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာန ဦးစီးမှူးမှ လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးမှ လည်းကောင်း၊ မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဦးစီးမှူးမှလည်းကောင်း အသီးသီးတင်ပြ ဆွေးနွေးပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့်ကိုဗစ်−၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)