တောင်သာမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး

တောင်သာ ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးညှိနှိုင်းဆွေးနွေးပွဲကို  မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့  ဥက္ကဋ္ဌဦးဟန်သူရနှင့်မြိုနယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ  တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဟန်သူရက ဘဏ္ဏာနှစ်သည် လာမည့်စက်တင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  နိုင်ငံတော်၏ ရေ၊  မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့်ဘဏ္ဏာနှစ်ကို ဧပြီလမှ မတ်လ ပြန်လည်ပြင်ဆင် သတ်မှတ်မည်ဖြစ်ကြောင်း  သို့ပါ၍   ဌာနဆိုင်ရာများအလိုက်  ယခုနှစ်ဘဏ္ဏာနှစ် ကုန်ဆုံးမည့် အချိန်နှင့် လုပ်ကိုင်ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများနှင့်သာ ဆောင်ရွက် နိုင်လျှင် ပြန်လည်အပ်နှံရန် ကိစ္စရပ်များကို  ကြိုတင်ညှိနှိုင်းဆွေးနွေး တိုင်ပင်ခြင်းဖြစ်ကြောင်း၊  လာမည့်အောက်တိုဘာလမှ မတ်လအထိ(၆)လ၊ ထိုကာလကို ထပ်မံရေးဆွဲပေးရမည် ဖြစ် ကြောင်းနှင့် လုပ်ငန်းပြီးစီးရန် အနည်းငယ်ကျန်နေသေးသော ကိစ္စရပ်များရှိလျှင် သက်ဆိုင်ရာ ကုမ္ပဏီများကို  မိမိတို့ဌာနကတွန်းအားပေး ဆောင်ရွက်ပေးသင့်ကြောင်း၊ မိမိတို့မြို့နယ်မှာ ကျောင်းအပ်နှံမှု(၈၇) ရာခိုင်နှုန်းရှိကြောင်း၊ ယခင်ကCDM  လုပ်သူများလည်း အလုပ်ပြန်လည် ဝင်ရောက်လာပါက သတ်မှတ်ထားသော အချက်အလက်များနှင့် ပြည့်စုံစွာတင်ပြ၍ မိမိတို့ လက်မှတ်ရေးထိုးပြီး ပြန်လည်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ဌာနများအနေဖြင့် နယ်မြေ ကွင်းဆင်းလျှင် လုံခြုံရေး အထူးဂရုပြုပေးစေလိုကြောင်း လိုအပ်သောအကူအညီများ အခက်အခဲ များကို မိမိတင်ပြပြောဆိုလာပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ခေတ်အခြေအနေအရ လုံခြုံရေးကိုအဓိကထားပြီး ဆောင်ရွက်ပေးစေလိုကြောင်း တရားဥပဒေစိုးမိုးရေး အလွန်အရေးကြီးကြောင်း အစည်းအဝေးများမှာလည်း  မိမိတို့အခက်အခဲများအရ နှစ်သက်ရာအင်္ကျီများ ဝတ်ဆင်နိုင်ကြောင်းများ ဆွေးနွေးပြီး စီမံကိန်းရေးဆွဲရေးကိစ္စများသာမက   အခြားလိုအပ်သည့်ကိစ္စများပါ   အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး အတွင်းရေးမှူးဦးအောင်ဌေးက ဖြည့်စွက်ဆွေးနွေးပြီး ဌာနဆိုင်ရာများ တစ်ဌာနခြင်းအလိုက် မိမိတို့ဌာန၏ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများနှင့် အမှန်တကယ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ ပြည်သူများအတွက် အလိုအပ်ဆုံးသောကိစ္စရပ်များကို သေချာစိစစ်၍ တင်ပြကြရန် အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)