ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာရရှိသူကို ကြက်ခြေနီအသင်း (အင်းစိန်)မှ ယမန်နေ့ ည(၈)နာရီအချိန်က ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ် မတော်တဆ တိမ်းမှောက်ရာ ဦးခေါင်းဒဏ်ရာရရှိသွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၁)စီးဖြင့် အချိန်နှင့် တစ်ပြေးညီ အဆိုပါဖြစ်ပွားနေရာသို့ သွားရောက်၍ ဒဏ်ရာရရှိသူအား ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို