ကျိုင်းတုံ ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးကို ဆက်စပ်သည့်ဌာနများ၊ အမျိုးသမီးကော်မတီဝင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများနှင့် အမျိုးသမီးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရေး၊ ကျား၊ မ တန်းတူအခွင့်အရေးရရှိစေရေး၊ မသန်စွမ်း အမျိုးသမီးများအပါအဝင် အလုပ်အကိုင် ရရှိရေး၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ထိရောက်စွာကာကွယ်ပေးနိုင်ရေး ဥပဒေ၊ မူဝါဒ စသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)