ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ (၃၃)ဦးတွေ့ရှိ

ကျောက်ဆည်  ဇွန်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မြင်စိုင်းခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်ခရိုင် အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်ပြီး ပြည်သူ့ကျန်းများရေး ဝန်ထမ်းများမှ  ကိုဗစ်-၁၉ရောဂါ သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိစစ်ဆေးရာ ပိုးတွေ့လူနာ(၃၃)ဦး ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိစစ်ဆေးရာတွင် အထွေထွေရောဂါကုဆေးရုံကြီးမှ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ အမျိုးသား(၄)ဦးနှင့်အမျိုးသမီး(၁)ဦးအားဓာတ်ခွဲနမူနာများရယူစစ်ဆေးခြင်း၊ မြင်စိုင်း ခန်းမတွင် ရောဂါပိုးရှိလူနာနှင့်ထိစပ်ခဲ့သူ(၇၅)ဦး၊ စုစုပေါင်း (၈၀)ဦးအား Test Kit ဖြင့်စစ်ဆေးရာ အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း(၃၃)ဦး တို့တွင်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား လူမှုကူညီရေးအသင်း(ကျောက်ဆည်)မှ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြည်သူ့ဆေးရုံကြီးမှ ပိုးတွေ့သူများအား စောင့်ကြည့်ကုသပေးလျှက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)