မိတ္ထီလာ ဇွန် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက် ၁၀ နာရီ ၄၅မိနစ်အချိန်တွင် မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်သွားကြစေလိုကြောင်း ၊ ယခုအခါ စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူလူထုများအတွက် အသိပညာပေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ပြည်သူ့ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားသူ ၊ ဖတ်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှာ ပြည်သူလူထုကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသောကြောင့် ဝန်ထမ်းများအနေဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်အတွက် စာဖတ်၊ စာရေးကြရန် လိုအပ်ပါကြောင်းနှင့် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်၍ ရနိုင်သည့်အခြေအနေမှ စတင်၍ ဆောင်ရွက်ကြရန်နှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်သည့် မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အဆိုပါ ရုပ်မြင်သံကြား ထပ်ဆင့် လွှင့်စက်ရုံမှ ရုပ်သံလိုင်းများ ထပ်ဆင့်ထုတ်လွှင့်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်