ရန်ကုန် ဇွန် ၂၁
ငါးသံယံဇာတများ ရေရှည် စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည် စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးနိုင်၊ မွေးမြူရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ မှော်ဘီ မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ် ငါးမျိုးစိုက်ထည့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဖူးကြီးရေလှောင်တမံမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး (၂)လက်မအရွယ် ငါးခုံးမ ကြီး ငါးကောင်ရေ(၃)သိန်းနှင့် ငါးမြစ်ချင်း ငါးကောင်ရေ(၃)သိန်း စုစုပေါင်း ငါးကောင်ရေ(၆)သိန်းအား စုပေါင်း ငါးမျိုးများ စိုက်ထည့်ခဲ့ပြီး အဆိုပါ ငါးသားပေါက်များကို လှော်ကား ငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတို့မှ သားဖောက် ထုတ်လုပ်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို