မိုင်းဆတ် ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေထွန်း က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် မြို့နယ်အချို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု၊ မိုင်းဆတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ရပ်ကွက်၊ ကျေးရွာများမှ အခြားနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရာမှ ပြန်လည်ရောက်ရှိလာသူများ ရှိ၊ မရှိ စောင့်ကြည့်ရေး၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ခရီးသည်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ် ပါ၊ မပါ စစ်ဆေးရေး၊ Quarantine Centre များတွင် ရေ၊ မီး အဆင်ပြေစေရန် ကြိုတင်ပြင်ဆင်ရေး အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လေကြောင်းခရီးစဉ်၊ ယာဉ်လိုင်းခရီးစဉ်များဖြင့် ဝင်ရောက်လာသူများနှင့် နိုင်ငံခြားပြန်များအား Quarantine ထားရှိရေးစသည့် အချက်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေထွန်း က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)