ပျဉ်းမနားမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းကျင်းပ

နေပြည်တော်   ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)က စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းတွင် နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေရွှေမြင့် (စာရေးဆရာမ- ရွှေလေညင်း) က အဖွင့်အမှာစကား ပြောကြားပြီး၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ဖြစ်သည့် စာရေးဆရာမ မေချို(ပျဉ်းမနား) က “ပန်းလိုနုနယ် ကလေးငယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ     မောင်လေပြေ(တောင်တွင်း)က “ကလေးကို ရိုက်သင့်မရိုက်သင့် ခေါင်းစဉ် ဖြင့်လည်းကောင်း၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က “မြို့ပတ်ရထားပေါ်မှ ဆရာမ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။

ထို့နောက်  စာရေးဆရာ ခိုင်မင်း(နေပြည်တော်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ ဦးနိုင်ဝမ်း(ကြံခင်း) တို့နှင့်  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက စာရေးဆရာ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်မှ မိမိတို့ဖတ်ရှု့မှတ်သားထားသည့် အကြောင်းအရာများအား ပြန်လည်မျှဝေ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စိုးမိုးအောင်