မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်

သီပေါ ဇွန် ၂၁

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကြည်ထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစုများ အား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းတို့ကို ဇွန်လ ၁၉ ရက် နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးက မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့်အကြောင်းအရာများ  စသည် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစု ဝင်များအား မီးသတ်ဆေးဘူးဖြင့်လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသ၍ လက်တွေ့ပြုလုပ် ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)