မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၌ “ဓမ္မသုခ” ဓမ္မာရုံ ကျောင်းဆောင်သစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

မိုင်းဖြတ်  ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကွက်သစ်ရပ်ကွက် စိတ္တသုခကျောင်းတိုက်အတွင်း ဒါယကာ၊ ဒါယိကာမ(၇)ရက်သားသမီးများက စုပေါင်းဆောက်လုပ်လှူဒါန်းသည့် “ဓမ္မသုခ” ဓမ္မာရုံသစ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခန့်က အဆိုပါ ဓမ္မာရုံသစ်၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မိုင်းယောင်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် (အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက) ဘဒ္ဒန္တ ဘဒ္ဒိယအရှင်သူမြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြပြီးနောက် လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် စိတ္တသုခကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဓမ္မဝံသအရှင်သူမြတ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ် ချီးမြှင့်ပြီး ကျောင်းဆောက်လုပ်ရန်အတွက် ပါဝင်လှူဒါန်းခဲ့ကြသည့်  ဒါယကာ၊ ဒါယိကာမအပေါင်းတို့အား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မြွတ်ကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ ဇွဲမစိုးရိမ်စာသင်တိုက်ဆရာတော် (အဂ္ဂမဟာဂန္ထဝါစာက ပဏ္ဍိတ) ဘဒ္ဒန္တပညာဓိကသိရီထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း ချအမျှပေးဝေခဲ့သည်။ ယင်းနာက်  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုးငွေမိုးရွာသွန်း ပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)