မြောက်ဥက္ကလာပမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

မြောက်ဥက္ကလာပ ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း  သိရပါသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပထမအကြိမ်အဖြစ် မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမြတ်စန္ဒာအေးနှင့် သူနာပြုဆရာမများက စာရင်းများကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းများ ပြုလုပ်ပြီး၊ ကာကွယ်ဆေးတစ်လုံးလျှင် တစ်ဦးနှုန်းဖြင့် ပညာရေးဌာနမှ ဆရာ/ဆရာမ   စုစုပေါင်း(၃၅၁) ဦးကို ထိုးနှံပေးခဲ့ကြောင်းသိရပြီး ဆေးထိုးရာသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြမြဝင်း