ညောင်ဦး ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုရှိကျေးရွာများ မြေအောက်ရေသွင်း ပြောင်းဖူး စိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးနှုန်းမြင့်ဆုံး ရောင်းချနေရကြောင့် သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် မြေအောက်ရေဖြင့် စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကာ အဆိုပါစိုက်ခင်းများမှ ထွက်ရှိသည့် ပြောင်းဖူးများ ကိုဗစ်-၁၉ကူးစက်ရောဂါ ကာလတွင်း အနီးအနား မြို့များသို့သာ ရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့် ပြောင်းဖူးများပြားနေပြီး ဈေးနှုန်းမရရှိဖြစ်နေရာမှ ဇွန်လတွင် ပြောင်းဖူးဈေးနှုန်းများ တက်လာခဲ့ကြောင်း ပြောင်းဖူးစိုက် တောင်သူများက ပြောကြားသည်။ ကျွန်တော်တို့ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာတွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံစိုက်ပျိုး လုပ်ကိုင်ကြတဲ့ အခါမှာလည်း မြေအောက်ရေကို တွင်းတူးပြီး ရေထုတ်ယူကာ ရေသွင်းစိုက်ပျိုးကြောင်း၊ ကိုယ်ပိုင် ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန် လုပ်ကိုင်၍ရကြောင်း ဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများ မြေအောက်ရေဖြင့် စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင် ဖြစ်ထွန်းကာ ဈေးနှုန်းများလည်း ပြန်လည်ရရှိခြင်းကြောင့် တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက် တောင်သူများမှ ပြောကြားသည်။
ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလတွင် ပြောင်းဖူးစိုက်ပျိုးတောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၈၀ ကျပ်သာ ရောင်းချခဲ့ရရာမှ ဇွန်လအတွင်း အခြားမြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက် ဝယ်ယူမှုများပြားခဲ့ရာ ဆယ်ဖူးဈေး ၈၀၀ ကျပ်ရှိခဲ့ရာမှ ယခုလအတွင်း ဆယ်ဖူဈေး ၁၆၀၀ ကျပ်နှုန်း ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက် တောင်သူများ ဈေးနှုန်းရရှိနေပြီး ဆင်ပြေနေကြကြောင်း ဦးဝင်းတင်က ရှင်းပြသည်။
ကိုထိန်၊KPD