အလည်လာဖို့ ဖိတ်ခေါ်ပါသည်. . . .နယ်စပ်ဒေသ မိုင်းယုမြို့လေးဆီ

မိုင်းယု ဇွန် ၂၁

ရှမ်းရိုးမတောင်တန်းကြီးများနှင့် ရှေးမြို့ရိုးခံတပ်ရယ် ပတ်လည်ဝိုင်းရံ၊ မိုးတိမ်မြူးနှင်းငွေ့ရယ်တဲ့ တဝေဝေ၊ နမ့်လွေချောင်းရေကို အံတုကာ ကမ်းစပ်တွင် တည်ရှိနေသော နယ်စပ်ဒေသမြို့ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ နယ်စပ်ဒေသ မိုင်းယုမြို့လေးသည် အေးချမ်းသာယာပြီး ရှေးခေတ် သမိုင်းဝင်စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆယ်နှစ်လရာသီရှမ်းရိုးရာဓလေ့ အလှူပွဲတော်များ၊ ဧည့်သည်တို့၏ အပန်ဖြေစရာ ထင်ရှားသည့် ရေတံခွန်၊ ရွှေငါးကန်စားသောက်ဆိုင်နှင့် မြို့၏ဂုဏ်ဆောင်သော နှစ်နိုင်ငံချစ်ကြည်းရေးနယ်စပ်တံတား တည်ဆောက်ထားခြင်းတို့ကြောင့် ရှုတိုင်လှနေပါသော မိုင်းယုမြေသို့ အလည်တစ်ခါ တစ်ခေါက်လာရောက်လည်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

မိုင်းယုမြို့အစသည် ဂေါ်တမမြတ်စွာဘုရား ကိုယ်တော်တိုင် သက်ရှိထင်ရှားရှိစဉ်အခါက မိုင်းယုမြို့ သည်  သစ်တောများဖုံးလွှမ်းလျက်ရှိနေပါသည်။ ထိုစဉ်က မြတ်စွာဘုရား ဒေသစာရီ ကြွရောက်လာပြီး ယခု လက်ရှိ ဟိုခိုဘုရားကျောင်းနေရာတွင် ခေတ္တရပ်နားတော်မူစဉ် ရှင်အာနန္ဒာ မထေရ်မြတ်က ဆွမ်းဘုန်းပေးရန် အတွက် သစ်ကိုင်းသစ်ခက်များချိုး၍ တံမျက်စည်းလှည်းနေသည်ကို မြတ်စွာဘုရားမြင်တော်မူ၍ ပြုံးတော်မူ လိုက်သည်။ မြတ်စွာဘုရားပြုံးတော်မူသည်ကို ရှင်အာနန္ဒာ မထေရ်မြတ်က ''ဘာကြောင့်ပြုံးတော်ပါသလဲ”ဟု လျှောက်ထားမေးမြန်းရာတွင် မြတ်စွာဘုရားက နောက်နောင် ဤနေရာဒေသ၌ တံမျက်စည်းရွာ ဝမ်ယူး ဆိုသည့် နိဂုံးရွာကလေး တည်လာလိမ်မည်ဟု ဗျာဒိတ်တော်ထားတော်မူခဲ့ရာက စတင်ဖြစ် ပေါ်လာရခြင်းဖြစ်ပါသည်။(ဝမ်=ရွာ၊ ယူး=တံမျက်စည်း)။                                                                                                                       

            မိုင်းယုမြို့သည် အရှေ့လောင်ဂျီတွဒ် ၁၀၀ ဒီဂရီ ၃၂ မိနစ်မှ ၁၀၀ ဒီဂရီ ၃၃ မိနစ်၊ မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၂၉ မိနစ်မှ ၂၁ ဒီဂရီ ၃၀ မိနစ်အတွင်း တည်ရှိပြီး အကျယ်အဝန်းမှ  ၁၁၂ဝဒဿမ၉၃၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှ အနောက်သို့ ၄၆ မိုင် ကျယ်ဝန်းပြီး တောင်မှမြောက်သို့ ၁၉ မိုင် ကျယ်ဝန်းပါသည်။

မိုင်းယုမြို့သည် အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက်တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းယောင်းမြို့နယ်နှင့် တာချီလိတ်မြို့နယ်၊ မြောက်ဘက်တွင် တရုတ်နိုင်ငံတို့ တည်ရှိပါသည်။ မိုင်းယုမြို့ သည် တောင်ကုန်းတောင်တန်းများ ပေါများကာ ညီညာပြန့်ပြူးသောလွင်ပြင် အနည်းငယ်သာရှိပြီး အလျား ရှည်၍ အနံကျဉ်းမြောင်း လျက်ရှိသည် ။

မိုင်းယုမြို့တွင် မြောက်မှတောင်သို့ စီးဆင်းသော နမ့်လွေချောင်းနှင့် အနောက်မှအရှေ့သို့ စီးဆင်းနေသော နမ့်ဖွန်ချောင်းတို့တည်ရှိသည်။ ထင်းရှားသောချောင်းမှာ နမ့်လွေချောင်းဖြစ်ပြီး မြို့ဘေး၏ မြောက်ဘက်မှတောင်သို့ ဖြတ်သန်းစီးဆင်းနေလျက်ရှိသည်။

မိုင်းယုမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၈၇၅ ပေ အထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ ဒွန်းခရာတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၅၃၈၅ ပေ ဖြစ်ကာ မြို့၏အနိမ့်ဆုံး အရပ်ဒေသမှာ မိုင်းလွေကျေးရွာဖြစ်သည် ။

မိုင်းယုမြို့သည် အပူအအေးမျှတစိုစွတ်ပြီး အေးသမပိုင်းရာဥတုဖြစ်၍ တောင်ပေါ်နှင့် မြေပြန့်များတွင် အလေ့ကျပေါ်က်ရောက်သော အပင်များမှာ ဒေသအခေါ်အဝေါ် မိုက်ကော်၊ စကားဝါပင်၊ ဆိတ်နံကြီး၊ အုံတုံ၊ သစ်ချပင်၊ သစ်တည်၊ သစ်အယ်ပင်နှင့် ထင်းရှူးပင်များဖြစ်ပြီး ကျေးရွာများမှ မိမိတို့ အိမ်သုံးလောင်စာအဖြစ် အသုံးပြုသည့် မယ်ဇလီပင်များကိုလည်း တွေ့ရပေမည်။

မိုင်းယောင်းမှ မိုင်းယုကားလမ်းမ အရှည် ၁၈ မိုင်ရှိပြီး ယခင်က မြေသားလမ်းဖြစ်၍ မိုးတွင်းအခါ လမ်းများပျက်စီးပြီး အများပြည်သူသွားလာရန် ခက်ခက်ခဲခဲ ညအိပ်သွားခဲ့ရပြီး ယခုအခါ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ စက်များဖြင့် လမ်းများချဲ့ထွင်းခြင်း၊ ကျောက်များခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ကတ္တရားလမ်းများ ခင်းပေးခြင်းတို့ကြောင့် ယခုအခါ မြန်မြန်ဆန်းဆန်း နေ့ခြင်း အသွား အပြန် သွားပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

မိုင်းယုမြို့ပေါ်နှင့်ကျေးရွာများမှာ ယခင်က ဆန်စပါးကိုသာ အဓိကအားထား စိုက်ပျိုးပြီး ဆောင်းသီးနှံအဖြစ် အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ကြံ၊ ရာဘာ၊ လက်ဖက်၊ ကော်ဖီ၊ အုန်း၊ ဌက်ပျော၊ အခြားဟင်သီး ဟင်းရွက်နှင့် သစ်သီးဝလံများကိုပါ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်ထိ စိုက်ပျိုးကြသည်။

          မိုင်းယုတွင် ယခင်က ကျွဲ၊ နွား၊ ဝက်၊ ဘဲ၊ ငါးတို့ကို တပိုင်တနိုင်မွေးမြူကြပြီး စီးပွားဖြစ် မွေးမြူးခြင်း မရှိပေ။ ကျွဲ၊ နွားများကို လယ်ယာသုံးလုပ်ငန်းခွင်၌ အသုံးပြုကြပြီး ယခုအခါ အလှူပွဲတွင် ကျွေးမွေးကြရန် အတွက်သာ မွေးမြူထားကြတော့သည်။

မိုင်းယုဒေသသည် ရှမ်း၊ လွယ်၊ ဗမာနှင့် အာခါလူမျိုးအများစုနေထိုင်ကြပြီး  မွန်၊ ချင်းလူမျိုးအနည်း ငယ်နှင့် ရခိုင်လူမျိုးများလည်း ပြောင်းရွေ့ နေထိုင်လာခဲ့ကြကာ ၂၀၂၁ခုနှစ်တွင် ဒေသခံလူဦးရေမှာ ပျမ်းမျှ ၃၄၄၆၁ ဦးထိ တိုးပွားလာခဲ့ပါသည်။ မိုင်းယုဒေသခံရှမ်းတိုင်းရင်းသားများသည် တောင်ယာ၊ လယ်နှင့် ကိုယ့်ထူကိုယ်ထ ကုန်စုံဆိုင်လေးများကို မိမိတို့အိမ်၌ တည့်ခင်းရောင်းချခြင်းများ လုပ်ကိုင်ပြီး ရိုးသားစွာ အသက်မွေးဝမ်းကျောင်းပြုကြသည့် တိုုင်းရင်းသားများဖြစ်ကြပါသည်။

            မိုင်းယုမြို့သည် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အနီးဆုံး မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှု အကောင်းဆုံးမြို့ဖြစ်၍ စီးပွားကူးသန်းရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဓိက အားထားသွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိခြင်းတို့ကြောင်း ယခုအခါ မိုင်းယုကျေးရွာလေးမှာ နယ်မြေအေးချမ်းသာယာလာပြီး    တစ်စတစ် ခေတ်မီတိုးတက်ပြောင်းလဲကာ ရှမ်းပြည်နယ်အရှေ့တွင် ထင်ပေါ်ကျော်ကြားလာပြီး အသက်ဝင်လာခဲ့သည့် မိုင်းယုမြို့လေးဖြစ်ပေတော့သည်။

                                 

                                 “နမ့်လွေချောင်းရေကို အန်တုလို့

                                   မြို့ မိုင်းယုရယ်တဲ့ ကမ်းစပ်မှာနေ. .

                                   တောင်ယာနှင့် ကုန်ဆိုင်ကို အခြေပြု

                                   ဆယ်နှစ်လရာသီ ရှေးရိုးရာ အလှူပွဲတွေများသာမို့

                                   ကူညီရိုင်းပင် သွေးချင်းညီနောင်များ

                                   “တိုက်ကော့ဆွေကာအတူတူပျော်. . .

                                   ရှေ့မြို့ရိုးခံတပ်ရယ် ပတ်ကာဝိုင်းရံလို့                              

                                   သမိုင်းဝင်   ကျွဲခြေရာခွက်ရယ်နှင့် ရွှေဂဏန်းဘုရား

                                   ရွှေငါးကန် ဟင်းစုံလင်လှပါဘိ။

အပန်ဖြေ မိုင်းလွေရေတံခွန်ရယ်ရှိတာမို့

ရောက်ဖူးအောင် လာလှည့်ကွယ်

တို့ မိုင်းယုတံတား။ ”ဟု၍သာ

 ဖွဲ့ဆိုလိုက်ချင်ပါသည်။ နယ်စပ်ဒေသမြို့ဖြစ်သည့် မိုင်းယုမြို့လေးတွင် ရှေးခေတ်သမိုင်းဝင်စေတီပုထိုးများ၊ မြို့ကိုဝန်းရံထားသော ရှေးမြို့ရိုးဟောင်းခံတပ်၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆယ်နှစ်လ ရာသီရှမ်းရိုးရာ ဓလေ့ အလှူပွဲတော်များ၊ ဧည့်သည်တို့၏ အပန်ဖြေစရာ ရေတံခွန်၊ ရွှေငါးကန်စားသောက်ဆိုင်နှင့် မြို့၏ ဂုဏ်ဆောင်သော နှစ်နိုင်ငံချစ်ကြည်းရေးနယ်စပ်တံတား တည်ဆောက်ထားခြင်းတို့ကြောင်း ရှုတိုင်လှနေ ပါသော ရှမ်းရိုးမတောင်တန်းကြီးများအကြား နမ့်လွေချောင်းရေကို အံတုကာ ကမ်းစပ်တွင် အေးချမ်းမှုကို ပေးစွမ်းနေသော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ နယ်စပ်ဒေသ မိုင်းယုမြေသို့ ရပ်ဝေးမှ မိဘပြည်သူများကို အလည်တစ်ခါတစ်ခေါက်တော့ လာရောက်လှည်ဖို့ ဖိတ်ခေါ်လိုက်ရပါသည်။

ကိုကိုနိုင်(ပြန်/ဆက်)