စစ်တွေ ဇွန် ၂၁
စာရေးဆရာ ဂေါယာမြေစောဝင်း၏ စာရေးသက် နှစ်(၅၀)ပြည့်အမှတ်တရနှင့် တူးဆွခံရသော နှလုံး သားအက်ကြောင်း စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပ သည်။
ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသည့် စာရေးဆရာများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက အမှာစကားပြောကြားပြီး စာရေးဆရာ ဂေါယာမြေ စောဝင်းက စာရေးသက်နှစ်(၅၀) ပြည့် အမှတ်တရစကားနှင့် တူးဆွခံရသောနှလုံးသားအက်ကြောင်းဝတ္ထုစာအုပ် မိတ်ဆက်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စာရေးဆရာ လွမ်းပြေအောင်နှင့် ဆရာ ဖဒူစံရွှေတို့က တူးဆွခံရသောနှလုံးသားအက်ကြောင်းဝတ္ထုဇာတ်လမ်းနှင့် ပတ်သက်၍ စွဲလမ်းနှစ်သက် ခဲ့ရမှု၊ ကိုယ်တိုင်ခံစားခဲ့ရမှုများအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် စာပေမိတ်ဆွေ များမှ မုဒိတာစကားပြောကြားကြသည်။
ယင်းနောက် စာရေးဆရာ ဂေါယာမြေ စောဝင်းက စစ်တွေ ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်သို့ စာအုပ်များပေးအပ်လှူဒါန်းပြီး ခရိုင်တာဝန်ခံ ဒေါ်အေးအေး က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ထို့နောက် စာရေးဆရာ ဂေါယာမြေ စောဝင်းက နိဂုံးချုပ်ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။
တင်ထွန်း