ရန်ကင်း ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်မှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ခြင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ) အတွက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ် ထောက်ပံ့ခြင်းဖြစ်ပြီး ဒုတိယကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြာင်း သိရသည်။ ယင်းထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ကို ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်မှ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတ အဖွဲ့များက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း၊ ရန်ကင်းမြို့နယ် အတွင်း အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၆၀)ဦးရှိကြောင်းနှင့် ယနေ့တွင် သက်ကြီးဘိုးဘွား အားလုံးအား ပေးအပ်ပြီးကြောင်းသိရသည်။
လှလှထွေး