အဂ္ဂါဘိဓဇ အောက်မေ့ဖွယ်ပြတိုက်ဖွင့်ပွဲ၊ သိက္ခာထပ် ပုနောပသမ္ပဓမင်္ဂလာနှင့် ဂန္ထဝါစကပဏ္ဍိတ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနား စစ်တွေမြို့၌ ကျင်းပ

စစ်တွေ ဇွန် ၂၀

အဂ္ဂါဘိဓဇ အောက်မေ့ဖွယ်ပြတိုက်ဖွင့်ပွဲ၊ သိက္ခာထပ် ပုနောပသမ္ပဓမင်္ဂလာနှင့် ဂန္ထဝါစကပဏ္ဍိတ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဒက္ခိဏာရာမ ကျောင်းတိုက်၌ ကျင်းပသည်။

ဦးစွာ ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်သော စစ်တွေမြို့ဒက္ခိဏာရာမကျောင်းတိုက်၏ ပဓာနနာယက အဘိဓဇမဟာရဠဂုဂု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒမဟာထေရ် မြတ်ကြီးအားရည်စူး၍ အဂ္ဂါဘိဓဇ အောက်မေ့ဖွယ်ပြတိုက်ကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်သူရနှင့်အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက၊ ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်နှင့် ဆရာတော်သံဃာတော်များ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အလှူရှင်များက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဆရာတော်ကြီး၏ ရုပ်ထုတော်များအား ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်၍ ဒက္ခိဏာရာမပရိယတ္တိ စာသင်တိုက်ဓမ္မာရုံ၌ ကျောင်းတိုက်၏ ဒုတိယမြောက် ဆရာတော် သာသနဓဇဓမ္မာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တမေဃိယအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားကို ကျင်းပရာ ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ယင်းနောက် စစ်တွေမြို့၊ ဓမ္မသုခ ကျောင်းတိုက်ပဓာနနာယက၊ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမမဟာထေရ်မြတ်ထံမှ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အမှူးပြုသော ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဂုဏ်ပြုခံဆရာတော်နှင့် ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရား ရွတ်ပွားချီးမြှင့်ကြကာ ဆရာတော်ကြီးအား အောက်မေ့ဖွယ်အထိန်းအမှတ် တစ်မိနစ်ငြိမ်သက်၍ မေတ္တာပို့ ကြသည်။

ထို့နောက် ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်၏ ထေရုပတ္တိအကျဉ်းကို ဘဒ္ဒန္တတေဇိန္တက ဖတ်ကြားပြီး ရခိုင်တေးသံရှင် ကိုထွန်းထွန်းက ဂုဏဝိသိဌပူဇာပိုဒ်စုံရတုဖြင့် ဂုဏ်ပြုပူဇော်သည်။ ယင်းနောက် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက နိုင်ငံတော်က ချီးမြှင့်ပူဇော်သော ဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက ထပ်ဆင့်ဂုဏ်ပြုသော ဘွဲ့တံဆိပ်တော် တို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူငွေများ၊ လှူဖွယ်ဝတ္ထုများအား ဆရာတော်သံဃာတော်များအား ဆက်ကပ် လှူဒါန်းကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ဩဝါဒကထာနှင့် ရေစက်ချ အနုမောဓနာ တရားနာကြားကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ထို့နောက် ကြွရောက်တော်မူကြသော ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)